PC Knowledge Episode 4: AMD Ryzen CPU များအကြောင်း

အားလုံးပဲ မင်္ဂလာပါ

မနေ့က Episode 3: Computer CPU Specifications တွေ အကြောင်းအပြီး ဒီနေ့မှာတော့ AMD ရဲ့ CPU တွေ အကြောင်း၊ CPU Generations တွေ၊ နာမည်ပေးပုံတွေ၊ CPU Model number တွေကို ကြည့်ပြီး ခွဲခြားနည်းတွေ စတာတွေကို အပိုင်း ၄ အနေနဲ့ ဆက်လက်ဖော်ပြလိုက်ပါတယ်။

Intel CPU တွေ အကြောင်းကို ဒီနေရာကို နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

တစ်ချိန်က Computer တစ်လုံးဆင်ဖို့အတွက် CPU ဝယ်ဖို့စဉ်းစားပြီဆိုရင် intel ရဲ့ Core i Series၊ Pentium နဲ့ Celeron တွေပဲရှိခဲ့တာပါ။ ဒါပေမဲ့ ဒါတွေက AMD ရဲ့ Zen Architecture သုံး Ryzen CPU တွေနဲ့ Ryzen Threadripper CPU တွေထွက်ရှိလာပြီးနောက်မှာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ပါတယ်။

Ryzen CPU

AMD ဟာသူတို့ရဲ့ Zen microarchitecture ကို August 17th 2016 မှာစတင်ကြေငြာခဲ့ပြီးတော့ ဒီ Zen Microarchitecture သုံး 1st Gen Ryzen CPU တွေကိုတော့ 2017 March မှာစတင်ဈေးကွက်တင် ရောင်းချခဲ့ပါတယ် ။ ဟိုးအရင် Computer CPU လောကကို Intel နေရာယူထားတဲ့အချိန်ကာလတုန်းက AMD CPU တွေအကြောင်းကိုတော့ ချန်လှပ်ခဲ့ပါတော့မယ်။

AMD ဟာ သူ့ရဲ့ Ryzen CPU တွေရဲ့ Architecture တိုးတက်လာပုံကိုနာမည်ပေးရာမှာ Zen, Zen+, Zen 2 အခုနောက်ဆုံး Zen 3 ဆိုပြီးပေးပါတယ်။ အခုဆိုရင် AMD ရဲ့ Zen Architecture သုံး Ryzen CPU တွေဟာ 4th Gen ထိထွက်ရှိခဲ့တာကို အောက်ပါအတိုင်း ကြည့်နိုင်ပါတယ်။

First Generation: 14nm Zen (March of 2017)

Example: Ryzen 7 1800X

Second Generation: 12nm Zen+ (April of 2018)

Example: Ryzen 7 2700X

Third Generation: 7nm Zen 2 (July of 2019)

Example: Ryzen 7 3700X

Fourth Generation: 7nm Zen 3 (November 2020)

Example: Ryzen 9 5900X

Ryzen Threadripper

Image credit: Forbes

AMD ဟာ Ryzen CPU တွေလို Consumer Grade CPU တွေကိုသာမက Ryzen Threadripper လို Server Grade CPU တွေကိုလဲ လက်လှမ်းမှီတဲ့ဈေးနှုန်းနဲ့ သုံးနိုင်အောင် ထုတ်ရောင်းပေးခဲ့ပါသေးတယ်။

Threadripper CPU တွေဟာလဲ 3rd Gen ထိထုတ်လုပ်ခဲ့ပြီဖြစ်ပြီးတော့ 4th Gen Threadripper တွေကို Q3 2021 မှာကြေငြာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

First Generation: Ryzen Threadripper 1000 Series (Zen)

Example: Ryzen Threadripper 1950X

Second Generation: Ryzen Threadripper 2000 Series (Zen+)

Example: Ryzen Threadripper 2950X

Third Generation: Ryzen Threadripper 3000 Series (Zen 2)

Example: Ryzen Threadripper 3990X

Fourth Generation: Ryzen Threadripper 5000 Series (Zen3)(*Rumour)

Example: Ryzen Threadripper 5990X

Ryzen APU

Ryzen 5 2400G APU (Image credit: Tech ARP)

ပထမဆုံးထွက်လာတဲ့ First Gen Ryzen 1000 series CPU တွေဟာ iGPU လို့ခေါ်တဲ့ integrated graphic မပါဝင်တဲ့အတွက် သီးသန့် Graphic Card တစ်ခုစိုက်ကာ သုံးခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ Graphic Card သီးသန့်စိုက်စရာမလိုပဲ အသုံးပြုလို့ရတဲ့ APU တွေကိုလဲ AMD ကမိတ်ဆက်ခဲ့ပါတယ်။ APU ဆိုတာ AMD က နာမည်ပေးထားတဲ့ Onboard Graphics ပါဝင်တဲ့ CPU တွေပဲ ဖြစ်ပါတယ်။ Accelerated Processing Unit လို့ ခေါ်ပါတယ်။

ဒီ APU တွေမှာ ပါဝင်လာတဲ့ Vega Graphic ဟာ အတော်လေးကောင်းမွန်ပြီးတော့ ပြိုင်ဘက်ဖြစ်သူ intel မှာပါဝင်လာတဲ့ intel HD graphic တွေထက်အပြတ်အသတ်သာလွန်ခဲ့ပါတယ်။ စတင်ထွက်ချိန်မှာ popular ဖြစ်ခဲ့တဲ့ Ryzen 5 2400G ဟာဆိုရင် RAM Speed 2933MHz ထိ Support လုပ်ခဲ့ပြီးတော့ Dual Channel 8GB 3000MHz RAM လောက်စိုက်ပြီး DOTA2 ကို Medium Settings လောက်နဲ့ သာသာယာယာဆော့နိုင်တဲ့အထိ အစွမ်းထက်ခဲ့ပါတယ်။

Ryzen APU တွေဟာ မျိုးဆက် ၄ ခုထိထွက်ရှိ ပြီးပါပြီ။

First Generation (Zen): Ryzen 2000 Series

Example: Ryzen 5 2400G

Second Generation (Zen+): Ryzen 3000 Series

Example: Ryzen 5 3400G

Third Generation (Zen 2): Ryzen 4000 Series

Example: Ryzen 7 4700G

Fourth Generation (Zen 3): Ryzen 5000 Series

Example: Ryzen 7 5700G

Zen 3 architecture သုံး 4th Gen APU တွေကတော့ June 1, 2021 မှာကြေငြာခဲ့ပြီး August 5, 2021 မှဈေးကွက်တင်ရောင်းချမှာပဲဖြစ်ပါတယ်။

AMD Athlon Series

AMD Athlon 200GE (Image credit: MasGamers)

AMD ဟာ ပြိုင်ဘက်ဖြစ်သူ Intel နဲ့ Budget sector တိုင်းမှာ ယှဉ်ပြိုင်နိုင်ဖို့ CPU series ပေါင်းများစွာထုတ်ခဲ့ပါတယ်။ Core i Series အတွက် Ryzen ကိုထုတ်ခဲ့သလိုမျိုး Pentium နဲ့ Celeron တို့ကိုယှဉ်ပြိုင်ဖို့ September 2018 မှာ Athlon Series CPU တွေထုတ်ပြီး ဈေးကွက်လုခဲ့ပါတယ်။ ပထမအသုတ် Athlon CPU တွေအနေနဲ့ 2 Core 4 Thread ပုံစံနဲ့လာခဲ့ပြီး Vega 3 Core graphic နဲ့ပေါင်းစပ်အားဖြည့်ထားပါတယ်။ 35W TDP သာရှိတဲ့ Power Efficient ဖြစ်တဲ့ CPU တွေပဲဖြစ်ပါတယ်။ မော်ဒယ်တွေအနေနဲ့

Athlon 200GE (3.2GHz)

Athlon 220GE (3.4GHz)

Athlon 240GE (3.5GHz)

ဆိုပြီး ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ နောက်မျိုးဆက်အနေနဲ့ June 2020 မှာထပ်မံထုတ်လုပ်ခဲ့ပြီးတော့ ဒီမျိုးဆက်ကိုတော့ Consumer အနေနဲ့ဝယ်ယူလို့ မရနိုင်ပဲ OEM Only သာထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ပြီးခဲ့တဲ့ မျိုးဆက်ကလို 2 Core 4 Thread ပုံစံအနေနဲ့ AMD Athlon™ Silver 3050 GE ကိုဆက်လက်ထုတ်လုပ်ခဲ့ပြီး 4 Core 4 Thread ပါဝင်တဲ့ AMD Athlon™ Gold 3150 GE နဲ့ AMD Athlon™ Gold 3150G တို့ကိုလဲ တိုးချဲ့ထုတ်လုပ်ခဲ့ပါတယ်။ Graphic အနေနဲ့လဲ Vega 3 Core Graphic ပဲပြန်လည်ပါဝင်လာပြီးတော့ ပြီးခဲ့တဲ့မျိုးဆက်ထက် 100MHz ပိုမြန်ပါတယ်။

Mobile Processor များ

AMD ဟာ Mainstream Desktop CPU လောကမှာ နေရာတစ်နေရာရခဲ့ပြီးနောက်မှာ Mobile CPU တွေဘက်ကို ခြေဦးလှည့်ခဲ့ပါတယ်။ Zen Architecture Base 2000 Series Mobile Processor တွေနဲ့ဈေးကွက်ကို စတင်ဝင်ရောက်ခဲ့သော်လဲ Intel ဘက်က Mobile Processor တွေရဲ့ Power Efficient ဖြစ်မှု Performance ပိုကောင်းတာတွေကို မယှဉ်နိုင်ခဲ့ပါဘူး။

Image credit: Hardware Times

နောက်မျိုးဆက်အနေနဲ့ Zen+ Base 3000 Series Mobile Processor တွေထပ်မံထုတ်ခဲ့သော်လည်း intel နဲ့ယှဉ်ရင် ဈေးအနည်းငယ်သက်သာတာကလွဲလို့ တစ်တန်းနိမ့်နေပါသေးတယ်။ တကယ်တန်း နာမည်ရခဲ့တာကတော့ Zen 2 Base 4000 Series Mobile Processor တွေဖြစ်ပြီး အဲ့အချိန်က Gaming Laptops တွေမှာပါခဲ့တဲ့ Ryzen 5 4600H CPU ဟာဆိုရင် ပြိုင်ဘက် intel ရဲ့ Core i5 10300H နဲ့ Single Core Score မှာတန်းတူနီးပါးရရှိခဲ့ပြီး Multi Core Score မှာတော့ 10300H ထက် 2 Core 4 Thread အပိုပါတဲ့ 4600H က 30% လောက်ထိသာခဲ့ပါတယ်။

အခုနောက်ဆုံး Zen 3 based Mobile Processors တွေ လဲ ထွက်ရှိလာပြီဖြစ်ပြီး Zen 2 တုန်းကထက်တောင် reviews တွေမှာ ပိုပြီး အကောင်းမြင်မှူတွေ ရရှိထားပါတယ်။ H series Mobile Processors တွေကို အောက်က ပုံထဲမှာ ကြည့်နိုင်ပါတယ်။

Zen 3 Ryzen Mobile Processors Series (Image credit: Anandtech)

ဒီနေရာမှာ Mobile Processors ဆိုတာ အဓိက Laptops တွေမှာ သုံးတဲ့ CPU တွေကို ဆိုလိုတာဖြစ်ပါတယ်။ Mobile Phone Processors တွေ မဟုတ်ပါ။

Ryzen Series နာမည်များ

Ryzen CPU တွေရဲ့ နာမည်တွေဟာ Intel Core i Series များနဲ့တူညီပါတယ်။ Intel ဘက်မှာ i3, i5, i7, i9 ဆိုပြီး ရှိသလို Ryzen brand ရဲ့အောက်မှာ Ryzen 3, Ryzen 5, Ryzen 7 နဲ့ Ryzen 9 ဆိုပြီးရှိကြပါတယ်။

Ryzen 3 CPU တွေဟာ Ryzen Family ရဲ့အနိမ့်ဆုံး CPU တွေဖြစ်ပြီးတော့ intel Core i3 တွေနဲ့ တူညီပါတယ်။ ဒါပေမဲ့ ပုံမှန်ရုံးသုံး software တွေသုံးတာ၊ YouTube ကြည့်တာ၊ Browser သုံးတာမျိုးတွေကိုတော့ နိုင်နိုင်နင်းနင်းအသုံးပြုနိုင်တဲ့ ဈေးသက်သာတဲ့ Quad Core CPU တွေပဲဖြစ်ပါတယ်။

Ryzen 5 CPU တွေဟာ Ryzen Family ရဲ့ အလယ်အလတ်တန်းစား Mid Range CPU တွေဖြစ်ပြီးတော့ intel Core i5 တွေနဲ့တူညီပါတယ်။ Ryzen 5 CPU တွေဟာ Photo Editing လိုမျိုးအလုပ်တွေ၊ Engineering Software တချို့ကို စတင်သုံးလို့ရနိုင်တဲ့ level တစ်ခုထိအောင် ကောင်းမွန်ပါတယ်။

Ryzen 7 CPU တွေဟာ Ryzen Family ရဲ့ အမြင့်ပိုင်း High Performance CPU တွေဖြစ်ပြီးတော့ intel Core i7 တွေနဲ့တူညီပါတယ်။ Ryzen 7 CPU တွေဟာ Video Editing လုပ်တာမျိုးတွေနဲ့ Engineering Software တွေကိုကိုင်တွယ်နိုင်တဲ့အထိကို ကောင်းမွန်နေပါပြီ။

Ryzen 9 CPU တွေဟာ Ryzen Family ရဲ့အမြင့်ဆုံး Powerful အဖြစ်ဆုံး CPU တွေဖြစ်ပြီးတော့ intel Core i9 တွေနဲ့တူညီပါတယ်။ Ryzen 9 တွေကတော့ ဘယ်အလုပ်မဆို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ပြီးတော့ Physical Cores တွေအများကြီးပါတဲ့အတွက် Multi Core Processing ရတဲ့ Applications တွေမှာ အရမ်းကို အဆင်ပြေစေပါတယ်။

Desktop Ryzen CPU တွေရဲ့ အက္ခရာများ

အခုကတော့ Ryzen CPU တွေရဲ့နောက်ဆုံးမှာပါလာတတ်တဲ့ အက္ခရာတွေအကြာင်းကို ပြောပြပေးမှာပဲဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ Desktop CPU တွေရဲ့ အက္ခရာတွေအကြောင်းဖြစ်ပါတယ်။

နောက်ဆုံးမှာ G ပါတဲ့ Ryzen CPU တွေဟာ integrated Vega Graphic ပါဝင်တဲ့ CPU တွေပဲဖြစ်ပါတယ်။ (ဥပမာ Ryzen 5 2400G) intel ဘက်မှာလဲ Integrated Vega Graphic ပါဝင်တဲ့ CPU တချို့ကို ထုတ်လုပ်ခဲ့ဖူးပြီးတော့ သူ့ရဲ့နာမည်မှာလဲ G နဲ့ပဲ အဆုံးသတ်ပါတယ်။ (For Example-Intel® Core™ i7-8809G)

Ryzen CPU တွေရဲ့ နောက်ဆုံးမှာပါတဲ့ X ဟာ eXtended frequency ကိုဆိုလိုတာဖြစ်ပြီးတော့ ဘာအက္ခရာမှမပါတဲ့ CPU တွေထက် Base Clock Speed တွေ Boost Clock Speed တွေပိုမြင့်ပါတယ်။ Overclock လုပ်လို့ပိုကောင်းတဲ့ CPU တွေလဲဖြစ်ပါတယ်။ (ဥပမာ Ryzen 7 3700X)

နောက်ဆုံးမှာ T ပါတဲ့ Ryzen CPU တွေဟာ Turbo Clock Speed ကိုရည်ညွှန်းတာပဲဖြစ်ပါတယ်။ XT နဲ့ဆုံးတဲ့ CPU တွေဟာ ပုံမှန် X နဲ့ဆုံးတဲ့ Ryzen CPU တွေထက် အနည်းငယ်ပိုတဲ့ Clock Speed တွေရရှိကြပါတယ်။ (ဥပမာ- Ryzen 5 3600XT)

Mobile Ryzen CPU တွေရဲ့ အက္ခရာများ

အခုကတော့ Mobile CPU တွေရဲ့ အက္ခရာတွေအကြောင်းပဲဖြစ်ပါတယ်။

နောက်ဆုံးမှာ U ပါဝင်တဲ့ Ryzen Mobile CPU တွေဟာ Ultra-Low Power CPU တွေပဲဖြစ်ပါတယ်။ ပါဝါစားသုံးမှုသက်သာနိုင်သမျှ သက်သာအောင် Design ထုတ်ထားပြီးတော့ Thin and Light ဖြစ်တဲ့ Laptop တွေမှာ အသုံးပြုကြပါတယ်။ (ဥပမာ- Ryzen 5 4600U)

Ryzen 7 4800H (Image credit: Hardware Times)

နောက်ဆုံးမှာ H ပါဝင်တဲ့ Ryzen Mobile CPU တွေဟာ High Performance Mobile CPU တွေပဲဖြစ်ပါတယ်။ U Series Processor တွေထက် ပါဝါစားသုံးမှုလဲ ပိုများပြီး Clock Speed လဲပိုမြင့်မားပါတယ်။ အဓိကအားဖြင့် Gaming Laptop တွေမှာ အသုံးပြုကြပါတယ်။ (ဥပမာ- Ryzen 5 4600H)

နောက်ဆုံးအနေနဲ့ကျန်ရှိတာကတော့ S ပဲဖြစ်ပါတယ်။ S အနေနဲ့ သီးသန့်မလာပဲ HS အဖြစ်တွေ့ရပါတယ်။ S ကတော့ Special ကိုကိုယ်စားပြုတာပဲဖြစ်ပါတယ်။ ပုံမှန် H Series CPU တွေနဲ့ HS Series CPU တွေကြားက အဓိကကွာခြားချက်ကတော့ HS Series CPU တွေဟာ Performance အတူတူမှာ Power Efficient ပိုဖြစ်တာပါ။ ဆိုလိုတာကတော့ H series CPU တွေ 45W TDP မှာရရှိတဲ့ Performance ကို HS Series CPU တွေက 35W TDP လောက်နဲ့ ရရှိနိုင်တာပဲဖြစ်ပါတယ်။ (ဥပမာ- Ryzen 5 5600HS)

AMD CPU နာမည်ဖတ်နည်း

Image credit: abcnews.net

အခုကတော့ ကျနော်တို့ နာမည်တွေစပြီးဖတ်ပါတော့မယ်။ အပေါ်ကပုံမှာပြထားတဲ့ Ryzen 7 1700X ဆိုတဲ့ နာမည်ကိုလေ့လာကြည့်မယ်ဆိုရင်

Brand Name

ထိပ်ဆုံးက Ryzen ဆိုတာကတော့ Brand Name ဖြစ်ပါတယ်။ AMD မှာ Brand Name အနေနဲ့ဆိုရင် Ryzen သာမက Threadripper နဲ့ Athlon တို့လဲရှိပါသေးတယ်။

Segment

Ryzen နောက်ကပထမဆုံးတွေ့ရတဲ့ 7 ကတော့ Segment ဖြစ်ပါတယ်။ Ryzen မှာ Segment အနေနဲ့ဆိုရင် 3,5,7 နဲ့ 9 ဆိုပြီး လေးခုရှိပါမယ်။

Generation

Ryzen 7 နောက်ကတွေ့ရတဲ့ 1 ကတော့ Generation ဖြစ်ပါတယ်။ Ryzen မှာ Generation အနေနဲ့ ၄ဆက်ထိထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အစဉ်လိုက်စီပြရမယ်ဆိုရင်

1.First Generation (1 နဲ့စ)

2.Second Generation ( 2 နဲ့စ)

3.Third Generation (3 နဲ့စ)

4.Fourth Generation (5 နဲ့စ)

Performance Level

Ryzen 7 1 နောက်ကတွေ့ရတဲ့ 7 ကတော့ Performance level ကိုရည်ညွှန်းပါတယ်။ Performance Level အနေနဲ့ 4,5,6 တို့က High Performance ကိုရည်ညွှန်းပြီးတော့ 7,8 ကတော့ Enthusiast ကိုရည်ညွှန်းပါတယ်။

Model Number(SKU)

Ryzen 7 17 နောက်ကတွေ့ရတဲ့ 00 ကတော့ Model Number သို့မဟုတ် Stock Keeping Unit (SKU) ဖြစ်ပြီးတော့ 00,20,50 နဲ့ 70 စသဖြင့်ရှိပြီးတော့ အဓိကတွေ့ရတာကတော့ Threadripper CPU တွေမှာပဲဖြစ်ပါတယ်။

Power Suffix

Ryzen 7 1700 ရဲ့နောက်ဆုံးကတွေ့ရတဲ့ X ဟာဆိုရင် Power Suffix ကိုရည်ညွှန်းတာဖြစ်ပြီးတော့ ခုလို X ပါတဲ့အတွက် Ryzen 7 1700X ဟာ OverClock လုပ်လို့ရတဲ့ CPU တစ်လုံးဖြစ်ကြောင်း သိရှိနိုင်ပါတယ်။ Power Suffix ကိုတော့ အပေါ်ဘက်က အက္ခရာတွေအကြောင်းမှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

PRO Series Processor များ

တကယ်တမ်းတော့ AMD CPU တွေဟာ မကုန်သေးပါဘူး။ Ryzen PRO Series Processor တွေနဲ့ Threadripper PRO Series Processor တွေကျန်ပါသေးတယ်။ ဒီ PRO Series တွေမှာကတော့ AMD Memory Guard, AMD Secure Processor နဲ့ AMD Secure Boot တို့လို Security Feature တချို့ကို ပေါင်းထည့်ပေးထားပါတယ်။ ဒီ PRO Series တွေဟာ တကယ်တမ်းတော့ APU တွေပဲဖြစ်ပြီးတော့ နာမည်ပေးတဲ့နည်းစနစ်ကလဲ တူတူပဲဖြစ်ပါတယ်။

Conclusion

နိဂုံးချုပ်အနေနဲ့ဆိုရရင် လွန်ခဲ့တဲ့လေးနှစ်အတွင်းမှာ AMD ဟာ သူတို့ရဲ့ Zen Microarchitecture နဲ့အတူပြန်ပေါ်လာခြင်းဟာ CPU ဈေးကွက်အပေါ် သက်ရောက်မှု အများကြီးရှိခဲ့ပါတယ်။ Intel ရဲ့ CPU ဈေးကွက်ကို လက်ဝါးကြီးအုပ်ပြီး Monopoly လုပ်နေမှုကိုလဲ အဆုံးသတ်နိုင်ခဲ့ပါတယ်။ တစ်ချိန်က Under Dog ဖြစ်ခဲ့တဲ့ AMD ဟာ intel ကို Core Count တွေထပ်ထည့်ဖို့ ဖိအားပေးနိုင်ခဲ့သလို ဈေးနှုန်းပိုင်းမှာလဲ လျော့ကျစေဖို့ ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဝယ်သူအားလုံးအတွက် ဈေးသက်သက်သာသာနဲ့ ပိုကောင်းတဲ့ CPU တွေပိုင်ဆိုင်နိုင်စေခဲ့ပါတယ်။

Ref: Link 1, Link 2

Featured Image: Dr Lisa Su (Image credit: Hot Hardware)

Thein Htike Oo

I’m Just an under graduated mechanical engineering student from Technology University (Hpa-An). One of my hobby is writing and I got some knowledge in Computer Hardware and Tech. So I'm starting to write some tech article here.

Leave a Reply

Your email address will not be published. Required fields are marked *