
Intel က သူတို့ရဲ့ 12th Gen Desktop CPU အသစ်တွေကို မနေ့က မိတ်ဆက်လိုက်ပါပြီ။ Aldar Lake လို့ Code name ပေးထားတဲ့ ဒီ 12th Gen CPU အသစ်တွေဟာ 10nm ကိုအခြေခံပြီးတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ intel 6th Gen 14nm base Skylake CPU တွေနောက်ပိုင်းမှာ ပထမဆုံးအနေနဲ့ 10nm ကိုအသုံးပြုနိုင်ခြင်းပဲဖြစ်ပါတယ်။ (နောက်ဆုံးတော့ 14nm+++ တွေကနေရသမျှ Performance ညှစ်ထုတ်နေရတာ အဆုံးသတ်သွားပြီပေါ့လေ။) မိတ်ဆက်လိုက်တဲ့ CPU Model ပေါင်းကတော့ စုစုပေါင်း ၆ခုဖြစ်ပါတယ်။ iGPU ပါပြီး Overclock ပါလုပ်လို့ရတဲ့ CPU model တွေကတော့ Core i9 12900K, Core i7 12700K နဲ့ Core i5 12600K တို့ဖြစ်ပြီး iGPU မပါတဲ့ CPU Model တွေကတော့ Core i9 12900KF, Core i7 12700KF နဲ့ Core i5 12600KF တို့ပဲဖြစ်ပါတယ်။
Intel’s Biggest Architecture Shift
Intel 12th gen တွေဟာ Architecture အသစ်ဖြစ်တဲ့ hybrid core design ကို ပြောင်းလဲအသုံးပြုထားတာဖြစ်ပါတယ်။ သမားရိုးကျ Performance တူတဲ့ Multi-Core CPU တွေကိုမသုံးတော့ပဲ Alder Lake CPU တွေဟာ Performance-cores (P-cores) တွေနဲ့ Efficient-cores (E-cores) တွေကို ပေါင်းစပ်အသုံးပြုထားတာပဲဖြစ်ပါတယ်။ ဒီလို Hybrid core တွေသုံးတဲ့နည်းပညာဟာ X86 Chip တွေမှာ ခုမှစတင်အသုံးပြုတာဆိုပေမဲ့ အသစ်အဆန်းတော့လဲမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ Smart Phone SOC တွေနဲ့ Apple ရဲ့ M-series processor တွေမှာ ဒီလို Hybrid Core တွေသုံးနေတာက ကြာပါပြီ။ Alder Lake Hybrid Core တွေရဲ့အလုပ်လုပ်ပုံကတော့ CPU Performance အများကြီးလိုအပ်တဲ့ Software တွေကိုမောင်းနှင်ဖို့အတွက် P-cores တွေကအလုပ်လုပ်မှာဖြစ်ပြီးတော့ အဲ့လိုတစ်ချိန်တည်းမှာ သီချင်းဖွင့်တာလိုမျိုး Background process အသေးလေးတွေကိုတော့ Efficient ဖြစ်ပြီး ပါဝါစားလဲသက်သာမယ့် E-cores တွေက မောင်းနှင်ပေးမှာပဲဖြစ်ပါတယ်။

Chip အသစ်တွေရဲ့ ဒီဇိုင်းတွေကိုတော့ အထက်ပါပုံမှာဖော်ပြထားပါတယ်။ P-cores တွေမှာပဲ multi-threading လုပ်နိုင်မှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် 16 Cores ပါဝင်တဲ့ Core i9 12900K မှာ P-cores ၈လုံးနဲ့ E-cores ၈လုံးပါဝင်ပြီးတော့ P-cores ၈လုံးကနေ Thread ၁၆ ခု E-cores ၈လုံးကနေ Thread ၈ခု စုစုပေါင်း Thread ၂၄ ခုပါဝင်မှာပဲဖြစ်ပါတယ်။ အခုလို Core ဒီဇိုင်းတွေကို ပြောင်းလဲထားတာကြောင့် Base, Boost နဲ့ Max Clock speed တွေဟာလဲ ခါတိုင်းလိုမဟုတ်တော့ပဲ P-cores တွေအတွက်တစ်မျိုး E-cores တွေအတွက်တစ်မျိုးဖြစ်သွားပါတယ်။ ဥပမာ- core i9 12900K မှာဆိုရင် P-cores တွေရဲ့ Clock speed ဟာ
- Base clock speed: 3.2GHz
- Boost clock speed: 5.1GHz
- Max clock speed: 5.2GHz ဆိုပြီးအသီးသီးဖြစ်ကြပြီးတော့
E-cores တွေရဲ့ Clock speed ဟာ
- Base clock speed: 2.4GHz
- Boost clock speed: 3.9GHz ဆိုပြီးဖြစ်ကုန်ပါတယ်။
CPU Cache Size တွေအနေနဲ့
- Core i9: 30MB
- Core i7: 25MB နဲ့
- Core i5: 20MB ဆိုပြီးအသီးသီးပါဝင်ကြပါတယ်။ Integrated Graphic ပါဝင်တဲ့ Model တွေရဲ့ iGPU ကတော့ Intel UHD Graphic 770 ပဲဖြစ်ပါတယ်။
New 600 Chipset Series
intel Processor အသစ်တွေနဲ့အတူတွဲသုံးဖို့ LGA 1700 Socket သုံး Z690 Chipset တွေကိုလဲမိတ်ဆက်ထားပြီးတော့ စတင်ဖြန့်ချီမယ့်အချိန်မှာတော့ MSI တို့ Asus တို့လို Motherboard ထုတ်လုပ်သူတွေဆီက Motherboard အမျိုးအစားပေါင်း ၆၀ကျော်ခန့်ရရှိနိုင်မယ်လို့လဲ ခန့်မှန်းရပါတယ်။ intel 12th Gen CPU တွေဟာ DDR5 RAM ကိုလဲအသုံးပြုလို့ရမှာဖြစ်ပြီးတော့ XMP 3.0 profile ကိုလဲသုံးလို့ရမှာပါ။ DDR4 RAM တွေကိုလဲသုံးလို့ရတယ်ဆိုပေမဲ့ DDR4 နဲ့ DDR5 RAM နှစ်မျိုးလုံးကိုတော့ တစ်ပြိုင်နက်အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် Motherboard ဝယ်ယူတဲ့အခါမှာ စရိတ်သက်သာမယ့် DDR 4 သုံးမှာလား စရိတ်ပိုများပေမဲ့ နည်းပညာအသစ်ဖြစ်တဲ့ DDR 5 သုံးမှာလားဆိုတာ တစ်ခါတည်းဆုံးဖြတ်ပြီးဝယ်ယူရမှာပါ။
ဒီ Chip အသစ်တွေနဲ့အတူ intel ဟာသူတို့ရဲ့နားလည်ရအနည်းငယ်ခက်တဲ့ TDP Rating တွေအစား ပိုမိုလွယ်ကူတဲ့ Power Rating တစ်မျိုးကိုလဲ မိတ်ဆက်ပေးခဲ့ပါသေးတယ်။ ဥပမာ Core i9 12900K ဟာ အနိမ့်ဆုံး Base Clock Speed မှာ 125W ရှိပြီးတော့ Maximum Turbo Clock Speed မှာ 241W ရှိမှာပဲဖြစ်ပါတယ်။ ခုလိုရှင်းရှင်းလင်းဖော်ပြလိုက်တာကြောင့် Cooling အတွက်စဉ်းစားရတာ ပိုမိုလွယ်ကူသွားပါတယ်။
Performance
Intel ဟာ သူတို့ Chip အသစ်တွေရဲ့ Performance နဲ့ပတ်သက်ပြီးတော့ 12th Gen CPU တွေဟာ 10th Gen CPU တွေထက် 28% ပိုကောင်းလာတယ်လို့ဆိုပါတယ်။ intel ရဲ့ Website မှာဖော်ပြထားပုံအရကတော့ Photo editing မှာ 36% Video editing မှာ 32% 3D Modeling မှာ 37% နဲ့ Multi-frame rendering မှာ 100% ထိ performance တိုးတက်လာတယ်လို့ ဆိုပါတယ်။ Gaming performance နဲ့ပတ်သက်ရင်လဲ intel ဟာသူတို့ရဲ့ CPU အသစ်ဖြစ်တဲ့ Core i9 12900K ကိုကမ္ဘာ့အကောင်းဆုံး Gaming CPU လို့ကို အမွှန်းတင်ထားပါတယ်။ ပြိုင်ဘက်ဖြစ်သူ AMD ရဲ့ Ryzen 9 5950X ထက်ဘယ်ဂိမ်းတွေမှာ ဘယ်လောက်ပိုသာသလဲကတော့ အောက်ကပုံကိုကြည့်ကာ ဆုံးဖြတ်နိုင်ပါတယ်။

ဖြန့်ချီမယ့်ရက်နဲ့ ဈေးနှုန်းများ
Intel 12th Gen Processor အသစ်တွေဟာ အနိမ့်ဆုံး Core i5 12600KF ကို $265 ကနေစတင်ပြီးတော့ Core i9 12900K ကို $589 ထိအများဆုံးကျသင့်မှာပဲဖြစ်ပါတယ်။ လက်ရှိဈေးနှုန်းတွေကတော့ Pre Order ဈေးနှုန်းတွေပဲဖြစ်ပြီးတော့ Z690 Motherboard အသစ်တွေနဲ့အတူ Nov 4 မှာ စတင်ရောင်းချမယ်လို့ ကြေငြာထားပါတယ်။
Ref: Tom’s Hardware