သင့်ရဲ့ Android ဖုန်းပျောက်ဆုံးသွားခဲ့ရင် ဘယ်လိုပြန်ရှာမလဲ?

အားလုံးပဲ မင်္ဂလာပါ…ကျွန်တော်တို့ Page ရဲ့ အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့တိုင်း တင်ဆက် ပေးသွားမဲ့ Tech Knowledge ကဏ္ဍ ကနေပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ 2019 December တုန်းကရေးသားခဲ့ဖူးတဲ့ ကျွန်တော်တို့ Android ဖုန်း‌ေတွပျောက်ဆုံးသွားခဲ့မယ်ဆိုရင် ဘယ်လိုရှာဖွေရမလဲ ဆိုတဲ့ ဆောင်းပါးလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အခုဖော်ပြပေးမှာ နည်းလမ်းနှစ်မျိုးဖြစ်ပါတယ်။ ပထမတစ်နည်းက Google Services တွေမပါတဲ့ Xiaomi China ROM တွေအတွက်ဖြစ်ပြီး ဒုတိယနည်းလမ်းက အခြားသော Android Phone တွေအားလုံးအတွက်ဖြစ်ပါတယ်။ ခုနောက်ပိုင်း Google Services တွေမပါလာတော့တဲ့ Huawei ဖုန်းတွေကို ဘယ်လိုပြန်ရှာရမလဲတော့ ကျွန်တော်မသိပါ။ Xiaomi ဖုန်းတွေလဲ ဒုတိယနည်းလမ်းကို သုံးလို့ရပေမဲ့ Xiaomi တွေမှာ Original ပါလာတဲ့ Mi account နဲ့ ရှာဖွေတဲ့ နည်းလမ်းကို သုံးတာ ပိုအဆင်ပြေတယ် ထင်မိပါတယ်။

ကဲ ဒါဆို ပထမနည်း ဖြစ်တဲ့ Xiaomi Phone တွေ ပျောက်ဆုံးသွားခဲ့ရင် ဘယ်လိုပြန်ရှာရမလဲဆိုတာ ကြည့်လိုက်ရအောင်ဗျာ။

ပထမနည်း (For All Xiaomi Phone)

XIaomi Find my device
XIaomi Find my device (credit: mi.com)

ပထမဆုံး setting ထဲကိုသွားပါ။ အောက်ဘက်ကို ဆက်ဆင်းသွားပြီး Mi Account ဆိုတဲ့ အထဲကို ဝင်ပါ။ ပြီးရင် Mi Cloud ဆိုတာကို နှိပ်ပါ။ ပေါ်လာတဲ့အထဲက အပေါ်က အကွက်လေးတွေထဲမှာရှိတဲ့ Find Device ဆိုတာကို On ပေးလိုက်ပါ။ ဒါဆိုရင် ရပါပြီ ဒီအဆင့်မှာ Mi account မရှိတဲ့ သူတွေက အသစ်ဖွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Mi ဖုန်းတိုင်းမှာတော့ Mi account ရှိမယ်လို့ ယူဆမိပါတယ်။ Username ဒါမှမဟုတ် ကိုယ့်ဖုန်းနံပါတ်နဲ့ ဖွင့်ထားတယ်ဆိုရင် ဖုန်းနံပါတ်နဲ့ password ကို မှတ်ထားပေးပါ။

ပျောက်ဆုံးသွားတဲ့အခါ ဘယ်လိုပြန်ရှာမလဲ?

အခြားဖုန်းတစ်လုံးရဲ့ Browser ဆိုတဲ့ App ဒါမှမဟုတ် Computer ရဲ့ Browser ကို ဖွင့်ပါ။ ပြီးရင် Browser ရဲ့ အပေါ် Address Bar မှာ i.mi.com လို့ရိုက်ပြီး သွားလိုက်ပါ။ Agree and Dismiss ဆိုတာ နှိပ်ပေးလိုက်ပါ။ အောက်က Sign in With Mi Account ဆိုတာကို နှိပ်ပြီး မိမိရဲ့ ပျောက်သွားတဲ့ ဖုန်းထဲမှာ ထည့်ထားတဲ့ Mi Account ကို ရိုက်ပြီး ဝင်ပါ။

This photo is owned by Tech Corner

ပေါ်လာတဲ့ အကွက်လေးတွေထဲက Find Device ဆိုတာကို နှိပ်ပါ။ ဝင်သွားတဲ့အခါ ကိုယ့်ရဲ့ ဖုန်းလေးက online ဆိုပြီး မီးစိမ်းလေးနဲ့ တွေ့ရပါလိမ့်မယ်။ ဒီလို Online လို့ ပေါ်နေဖို့အတွက် ကိုယ့်ရဲ့ ပျောက်သွားတဲ့ ဖုန်းမှာ အင်တာနက်ဖွင့်ထားမိခဲ့ဖို့ လိုပါတယ်။ Location တော့ဖွင့်ထားဖို့မလိုပါ။

ဖုန်းက အင်တာနက် connection သာ မိနေခဲ့မယ်ဆိုရင် Locate ဆိုတာနှိပ်တာနဲ့ ပျောက်သွားတဲ့ ဖုန်းမှာ Location auto ပွင့်ပါတယ်။ ပျောက်သွားတုန်းက အင်တာနက်သာ ဖွင့်မထားခဲ့ရင် Offline လို့ပေါ်ပြီး ကိုယ့်ဖုန်းရဲ့ နေရာကို ရှာလို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် အပြင်သွားရင် အင်တာနက် connection ကိုဖွင့်ထားဖို့ အကြံပေးချင်ပါတယ်။

ခုခေတ်မှာ အင်တာနက်က ဖွင့်ထားရုံနဲ့ ဖုန်းဘေမကုန်တော့ပါဘူး။ Battery အနည်းငယ်လေးသာစားတဲ့ အတွက် လူကျပ်တဲ့နေရာတွေ သွားရင် အင်တာနက် ဖွင့်ပြီး သွားပါ။ ပြီးတော့ ဖုန်းကို Lock မဖွင့်ပဲ အပေါ်က Noti Bar ကို ဆွဲချပြီး အင်တာနက် ပိတ်တာမျိုးလုပ်မရအောင် Setting-Notifications and Status Bar-Show on Lock Screen ဆိုတာကို ပိတ်ထားပါ။ ပြီးရင် Online ဆိုပြီး စိမ်းနေတဲ့ မိမိဖုန်းလေးကို နှိပ်လိုက်တဲ့အခါ မြေပုံရယ် အောက်မှာ ခလုတ် ၄ ခု ရယ် တွေ့ရပါလိမ့်မယ်။

This photo is owned by Tech Corner

ပထမ တစ်ခုက Locating ဆိုပြီး မိမိဖုန်းနေရာကို auto ရှာနေမှာပါ။ တွေ့သွားတဲ့အခါ Located ဆိုပြီး ပေါ်လာပါလိမ့်မယ်။ ဒုတိယတစ်ခု Play sound ဆိုတာကို နှိပ်လိုက်ရင် ပျောက်သွားတဲ့ ဖုန်းမှာ အဆက်မပြတ် အသံတွေ ထွက်နေမှာပါ။ တတိယတစ်ခု Lost Mode ဆိုတာကို နှိပ်ရင် Enter Lock Screen Message ဆိုတဲ့ အကွက်နဲ့ အောက်မှာ Enter a phone number ဆိုတဲ့အကွက်လေး တွေ့ရပါလိမ့်မယ်။

အပေါ်က အကွက်မှာ ကိုယ့်ဖုန်းလေး ပြန်ပေးဖို့ ဘာညာ စာရေးပြီး အောက်ကအကွက်မှာ ကိုယ့်ကို ပြန်ဆက်သွယ်ဖို့ ဖုန်းနံပါတ်ထည့်လို့ရပါတယ်။ ပြီးရင် Lock ဆိုတာနှိပ်လိုက်ရင် ပျောက်သွားတဲ့ ဖုန်းမှာ ကိုယ်ရေးလိုက်တဲ့ စာနဲ့ ဖုန်းနံပါတ်သွားပေါ်ပြီး Lock ဖြစ်နေပါလိမ့်မယ်။ ပျောက်သွားတဲ့ ဖုန်းမှာ ကိုယ့်ရဲ့ Mi account နဲ့ password ကို မရိုက်မချင်း Lock ဖွင့်လို့ ရမှာမဟုတ်ပါဘူး။

This photo is owned by Tech Corner

နောက်ဆုံးတစ်ခုက Erase Data ဖြစ်ပါတယ်။ အဲ့ဒါကို နှိပ်လိုက်ရင် ကိုယ့်ဖုန်းထဲမှာ ရှိတဲ့ Data အကုန် ဖျက်ပစ်လိုက်မှာပါ။ (သင်က ဖုန်းမပျောက်ခင်မှာ internet မဖွင့်ထားမိတာတို့၊ ကိုယ့်ဖုန်းထဲမှာ အရေးကြီးတဲ့ Data တွေပါတာမျိုးတို့ ဆိုရင် Erase Data ကိုသာနှိပ်လိုက်ပါ။ ဖုန်းတော့ ပျောက်သွားပေမဲ့ ကိုယ့် Data တွေ ဘယ်သူ့ဆီမှ ပါမသွားတော့ဘူးပေါ့)။

အခုဖော်ပြခဲ့တာတွေကို စမ်းသပ်ကြည့်ချင်ရင် အခုလက်ရှိ သင့်ရဲ့ ဖုန်းလေးနဲ့ စမ်းသပ်ကြည့်နိုင်ပါတယ်။ (စမ်းသပ်တုန်းမှာ Erase Data ကိုတော့ မနှိပ်ပါနဲ့ ရှိတဲ့ Data တွေ အကုန်ပျက်သွားပါလိမ့်မယ်။)

ဒုတိယနည်း (Android Phone အားလုံးအတွက်)

ယခု ဒုတိယနည်းလမ်းကို Xiaomi Global ROM ဖုန်းတွေမှာလဲ သုံးလို့ရသလို ဘယ်လို Android ဖုန်းမျိုးမှာမဆို အသုံးပြုနိုင်ပါတယ်။

ပထမဆုံးဖုန်း setting ထဲကိုသွားပါ Accounts ဆိုတဲ့အောက်က Google ကိုနှိပ်ပါ။ ပြီးရင် အောက်ကို ဆက်ဆင်းသွားပြီး Security ဆိုတာကို နှိပ်ပါ။ “Remotely locate this device” နဲ့ “Allow remote lock and erase” ဆိုတာကို On ပေးပါ။ Android Manager ဆိုတာ ပေါ်လာပြီး Activate လုပ်မလားမေးပါတယ်။ ညာဘက်အောက်ထောင့်က Activate ဆိုတာကို နှိပ်ပေးလိုက်ပါ။ ဒါဆိုရင် ဖုန်း ပျောက်သွားရင် ပြန်ရှာဖို့အတွက် setting တွေ ပြင်ဆင်တာ ပြီးပါပြီ။

Color OS

Color OS နဲ့ Oxygen OS နဲ့ အခြားသော OS or UI တွေကလဲ setting ထဲက Google ဆိုတဲ့ Tab ကို ရှာပြီး ဝင်ပေးပါ။

OnePlus Oxygen OS

ပျောက်ဆုံးသွားတဲ့အခါ ဘယ်လိုပြန်ရှာမလဲ?

www.google.com/android/devicemanager အဲ့ဒီ လိပ်စာကို အခြားဖုန်း ရဲ့ browser ဒါမှမဟုတ် computer ရဲ့ Browser ကနေသွားပါ။ (အခြားဖုန်းမှာ Find My Device ဆိုတဲ့ App လေး Download လုပ်ပြီး သုံးရင်လဲ ရပါတယ်။) ဒီနေရာကို နှိပ်ပြီး Download လုပ်နိုင်ပါတယ်။

ပြီးတဲ့အခါ ပေါ်လာတဲ့နေရာမှာ ပျောက်သွားတဲ့ ကိုယ့်ဖုန်းထဲ Log in ဝင်ထားခဲ့တဲ့ google account လိပ်စာနဲ့ password ရိုက်ပြီး log in လုပ်ပါ။ အဲ့အခါကျရင် အပေါ်မှာ ပြောခဲ့တဲ့ Xiaomi ပထမနည်းအတိုင်းခပ်ဆင်ဆင်ပဲ Play Sound, Secure Device နဲ့ Erase Device ဆိုတာတွေ့ရပါလိမ့်မယ်။ (ဒီနည်းလမ်းကလဲ အပေါ်မှာ ပြောခဲ့တဲ့ ပထမနည်းလိုပဲ ပျောက်သွားတဲ့ ဖုန်းမှာ အင်တာနက်နဲ့ Location ဖွင့်ထားခဲ့ဖို့ လိုပါတယ်။ အင်တာနက် connection မိနေမှ အလုပ်လုပ်မှာပါ။)

Play sound ကို နှိပ်လိုက်ရင် ပျောက်သွားတဲ့ ဖုန်းမှာ အသံ ဆက်တိုက်မြည်နေပါလိမ့်မယ်။ Secure Device ဆိုတာကို နှိပ်ရင် ကိုယ့်ကို ပြန်ဆက်သွယ်ဖို့စာရေးရမဲ့ နေရာရယ် ၊ဖုန်းနံပါတ် ထည့်ရမဲ့နေရာရယ် ပေါ်လာပါလိမ့်မယ်။ Erase Device ဆိုတာကတော့ ကိုယ့်ဖုန်းပျောက်သွားတာ ပြန်ရနိုင်ဖို့ မျှော်လင့်ချက်မရှိတော့ရင် ဒါမှမဟုတ် ကိုယ့်ဖုန်းထဲမှာ အရေးကြီးတဲ့ အချက်အလက်တွေ ပါသွားရင် သုံးနိုင်ပါတယ်။ Erase Device ဆိုတာကို နှိပ်လိုက်ရင် မိမိပျောက်သွားတဲ့ ဖုန်းထဲမှာ ရှိတဲ့ အချက်အလက်တွေ အကုန်ဖျက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

တစ်ခုသတိပေးထားချင်တာက ဒီနည်းလမ်းတွေဟာ ဒီလိုသုံးလို့ရတယ်ဆိုတာကို ကျွန်တော်က sharing ပြန်လုပ်ပေးတာဖြစ်ပါတယ်။ ဒီအတိုင်းလိုက်လုပ်လို့ လုံးဝပြန်တွေ့မယ်လို့ တရားသေ မယူဆပါနဲ့။ အကြောင်းကတော့ ပျောက်သွားတဲ့ဖုန်းမှာ အင်တာနက် မဖွင့်ခဲ့မိရင်၊ Location မဖွင့်ခဲ့မိရင် ပြန်မတွေ့နိုင်တာကြောင့် ဖြစ်ပါတယ်။ ပြီးတော့ Android Device တွေရဲ့ ထုံးစံအတိုင်း FRP Lock ကျော်ပြီး Reset ချလိုက်ရင် ပြန်‌မတွေ့နိုင်တော့ပါဘူး။

အခုဖော်ပြခဲ့တဲ့ နည်းလမ်း‌ေတွကို ကိုယ့်ဖုန်းလေးနဲ့ စမ်းကြည့်နိုင်ပါတယ်။ (စမ်းသပ်တုန်းမှာ Erase Device ကိုတော့ မနှိပ်ပါနဲ့ ရှိတဲ့ Data တွေ အကုန်ပျက်သွားပါလိမ့်မယ်။)

စနေ၊ တနင်္ဂနွေ Tech Knowledge Articles တွေကလဲ website မှာ စုံသင့်သလောက် စုံနေပြီမလို့ Admin အသစ်ထပ်ရေးဖို့ ခေါင်းစဉ် စဉ်းစားမရဖြစ်နေပါ၏။ စာဖတ်သူ ဘော်ဒါတို့အနေနဲ့ နောက်ထပ် ဖုန်း၊ computers တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတစ်ခုခု သိချင်တာရှိရင် comment ပေးခဲ့ပါဦး။ ဒါမှ ကျွန်တော်လဲ ခေါင်းစဉ်အသစ်တွေရေးနိုင်မှာပါ။

အဆုံးထိ ဖတ်ပေးတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

©TECH CORNER || Featured Image credit to Smartprix

ShineHtetAung

I'm just a mariner and a nerdy tech guy who got a deep passion of tech. I've been a tech writer for almost six years and I founded this website. My only mission is to provide all about tech in all aspects of technology fields.

Leave a Reply

Your email address will not be published. Required fields are marked *